သွားနဲ့ ခံတွင်းသန့်ရှင်းရေးအတွက် မမေ့ထားသင့်တဲ့ အရာတွေ
သွားနဲ့ခံတွင်း သန့်ရှင်းရေးဆိုတာ နေ့စဉ်နေ့တိုင်း လုပ်ပေးရမယ့် တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်ပြီး အဲဒီလိုလုပ်ပေးခြင်းဖြင့် အနာဂတ်မှာ သွားကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားဆိုင်ရာ ချို့ယွင်းမှုတွေ မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီအတွက် မမေ့သင့်တဲ့ အချက်တွေကို ပြောပြပေးရမယ်ဆိုရင်
၁။ တစ်ရက်တလေပဲဆိုရင်တောင် သွားမတိုက်ဘဲ ညအိပ်တာမျိုးမလုပ်ပါနဲ့။
၂။ တစ်ရက်ကို မနက်အိပ်ရာနိုးတဲ့အခါ တစ်ကြိမ်၊ အိပ်ကာနီးတစ်ကြိမ် သွားတိုက်ပါ။
၃။ သွားကို စနစ်တကျ နည်းလမ်းမှန်မှန်တိုက်ပေးပါ။
၄။ သွားတိုက်ပြီးတဲ့အခါတိုင်း လျှာကိုခြစ်ပေးပါ။ ခံတွင်းအနံ့နံရခြင်းရဲ့ တရားခံက စားကြွင်းစားကျန်တဲ့ အက်စစ်တွေ စုဝေးနေတဲ့လျှာပေါ်က အရိအချွဲတွေဆိုတာ မမေ့သင့်ပါဘူး။
၅။ အစာစားပြီးတဲ့အခါတိုင်း သွားပွတ်ကြိုးသုံးပြီး စားကြွင်းစားကျန်တွေကို သန့်ရှင်းရေးလုပ်ပါ။
၆။ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ အကယ်လို့ ကိုယ်က အိမ်မှာဆိုရင် ဆားငန်ရည်နဲ့ အစားထိုးပြီး ပလုတ်ကျင်းလို့ရပါတယ်။ အပြင်မှာဆိုရင်တော့ အိတ်ဆောင် ခံတွင်းသန့်စင်ဆေးရည်ဘူးတွေနဲ့ သေချာသန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို ယာယီသက်သာအောင် လုပ်ပေးနိုင်ပါတယ်။
၇။ တစ်ရက်ကို အနည်းဆုံး ရေ ၃ လီတာပြည့်အောင် သောက်ပေးပါ။
၈။ အရည်ရွှမ်းတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
၉။ အချိုဓာတ်များတဲ့ အစားအစာ၊ ဖျော်ရည်တွေကို လျှော့စားသုံးပါ။
၁၀။ သွားဆေးခန်းနဲ့ (၆) လ တစ်ကြိမ် ပုံမှန်ပြသပြီး သန့်ရှင်းရေးလုပ်ပါ။
၁၁။ သွားမတိုက်ခင်နဲ့ သွားတိုက်ပြီး နာရီဝက်လောက် အနည်းဆုံးခြားပြီးမှ အစာစားပါ။
၁၂။ အချိုစားပြီးတိုင်း သွားမတိုက်နိုင်ရင်တောင် ပလုတ်ကျင်းပေးဖို့ မမေ့ပါနဲ့။
ဒီအချက်တွေဟာ ကောင်းမွန်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် မေ့ထားလို့မဖြစ်တဲ့ အချက်တွေပါပဲ။
ရဲမျိုးမြတ်